ပြည်တွင်းကုမ္ပဏီခုနစ်ခုကို အနောက်တိုင်းဆေးဝါးထုတ်လုပ်ခွင့်ပြု
ပြည်တွင်းတွင် အနောက်တိုင်းဆေးဝါးများ ထုတ်လုပ်ရန်အတွက် စက်ရုံခုနစ်ရုံအား ဆေးဝါး ထုတ်လုပ်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မည်သည့်ဆေးဝါးမဆို ထုတ်လုပ်ခွင့်ပြုထားပြီး ပြည်တွင်းတွင်လိုအပ်ချက်များပြား၍ ပြည်ပမှ တင်သွင်းနေရသည့် ဆေးဝါးများအား ထုတ်လုပ်မည်ဖြစ်ကြောင်း ဆေးဝါးထုတ်လုပ်ခွင့်ရသည့် Fame ဆေးဝါး ထုတ်လုပ်ရေးမှ ဒေါက်တာခင်မောင်လွင်က ပြောသည်။
" အရင်ကပြည်တွင်းမှာ ထုတ်လုပ်ခွင့်မရှိဘဲ ပြည်ပက တင်သွင်းတဲ့ လူသုံးများတဲ့ပစ္စည်းတွေ ကိုလည်း ထုတ်လုပ်ခွင့်ရတယ်။ အခုပြည်တွင်းက လုပ်ငန်းရှင်တွေထုတ်လုပ်တဲ့ ဆေးဝါးတွေက နောက်တစ်နှစ် လောက်ဆိုရင် ဈေးကွက်ထဲရောက်ပြီး အခုသုံးနေတဲ့ဆေးတွေရဲ့ တန်ဖိုးထက်ဝက်လောက်လျော့နည်းသွားမှာ ပါ" ဟု ဒေါက်တခင်မောင်လွင်ကဆိုသည်။
ဆေးဝါးထုတ်လုပ်ရန်အတွက် မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ လျှောက်ထားမှုများအား ဆက်လက်ခွင့်ပြုပေးသွားမည်ဖြစ်ပြီး ခွင့်ပြုရန်အတွက် မြေနေရာ၊ ငွေကြေးအခြေအနေများကိုလည်း ထည့်သွင်း စဉ်းစားကြောင်း စက်မှုဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးသိန်းအောင်က UMFCCI ၌ ပြုလုပ်သည့်မြန်မာ့ဆေးဝါး ထုတ်လုပ်မှုနှင့် ဒေသတွင်းယှဉ်ပြိုင်မှု အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
ပြည်တွင်းတွင် ထုတ်လုပ်မည့် ဆေးဝါးများ၏ အရည်အသွေးအား စက်ရုံအတွင်းရှိ အရည်အ အသွေးထိန်းချုပ်မှုဌာန( Quality Control Department) နှင့် စက်ရုံများမှ ထွက်လာသည့် ဆေးဝါးများအား FDA မှ လိုက်လံစစ်ဆေးမှုများ ဖြင့် ထိန်းချုပ်ထားကြောင်း သိရသည်။
ထိုအလုပ်ရုံဆွေးနွေးပွဲတွင် ပြည်တွင်းမှ ထုတ်လုပ်မည့် အနောက်တိုင်း ဆေးဝါးများအား ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ်မှန် (Good Manufacturing Practice) ဖြင့် ထုတ်လုပ်နိုင်ရန် တက် ရောက်လာသော ပညာရှင်များကလည်း ၀ိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
လက်ရှိတွင် အောင်မြင်မှုဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီလီမိတက်၊ မြန်မာ့ရွှေကမ္ဘာမြေ ကုမ္ပဏီ လီမိတက်၊ သက်ရှည်ဆေးဝါးကုမ္ပဏီလီမိတက်၊ မြန်မာ့ခွန်အားအရင်းအမြစ်ပေါင်းစည်းမှု စက်မှုလုပ်ငန်းကုမ္ပဏီ လီမိတက်၊ Fortune International လီမိတက်၊ ASV ကော်ပိုရေးရှင်းနှင့် အခြားကုမ္ပဏီတစ်ခုမှ ထုတ်လုပ်ရန် ခွင့်ပြုထားခြင်းဖြစ်သည်။
ခွင့်ပြုထားသည့် ဆေးဝါးများတွင် အိုမီဂါ-၃ ကဲ့သို့သော ဆေးဝါးများအပြင် ခုခံအားကျဆင်းမှု ရောဂါအတွက် အသုံးပြုရသည့်ဆေးဝါးများ ပါဝင်ကြောင်းလည်း သတင်းရရှိသည်။
Tags:
Business
Source: The article first appeared on 7 DAY NEWS Journal - အတွဲ ၁၀၊ အမှတ် ၄၅