သိသာထင်ရှားသော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများပြုလုပ်ခဲ့၍ ဗီဇာပိတ်ထားမှုကို ဖယ်ရှားရန် ဥရောပသမဂ္ဂဆုံးဖြတ်
ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးရာ မူဝါဒအကြီးအကဲ ကက်သရင်းအက်ရှ်တန်အား ဘယ်လ်ဂျီယံနိုင်ငံတွင် ဇန်န၀ါရီလ ၂၃ ရက်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင်တွေ့ရစဉ်

မြန်မာနိုင်ငံတွင် ရာနှင့်ချီသော ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများအား လွှတ်ပေးမှုအပါအ၀င် သိသာထင်ရှားသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများပြုလုပ်ခဲ့၍  ဗီဇာပိတ်ထားမှုကို ရုပ်သိမ်းရန် ဥရောပသမဂ္ဂက ဇန်န၀ါရီလ ၂၃ ရက်နေ့က ဆုံးဖြတ်ခဲ့သည်။

ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း ၂၇ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများက မြန်မာနိုင်ငံတွင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို ထူးထူးခြားခြား ဆောင်ရွက်ခဲ့ကြောင်း အသိအမှတ်ပြုပြီးနောက်ပိုင်း ယခုကဲ့သို့ ရုပ်သိမ်းမှု ဖြစ်ပေါ် လာခဲ့ခြင်းဖြစ်သည်။

ဥရောပသမဂ္ဂက လာမည့် ဧပြီလ ၁ ရက်နေ့တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများကို လွတ်လပ်ပြီး တရားမျှတစွာကျင်းပခြင်း၊  အကျဉ်းထောင်အသီးသီးတွင် ကျန်ရှိနေသော ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသူများအား လွှတ်ပေးခြင်း စသည့်နောက်ထပ်ပြုပြင်ပြောင်းလဲမှုများကို ဆက်လက်အကောင်အထည်ဖော်ပါက အရေးယူပိတ်ဆို့မှုများကို ဆက်လက်လျော့ပေါ့ ရုပ်သိမ်းသွားစေလိမ့်မည်ဖြစ်ကြောင်း ၎င်း၏ ထုတ်ပြန် ချက်တွင် ပြောကြားထားသည်။ မြန်မာနိုင်ငံတွင် ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပပြီးနောက်ပိုင်း ဧပြီလအတွင်း ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးရာ မူဝါဒအကြီးအကဲ ကက်သရင်းအက်ရှ်တန်သည် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း ၎င်းက ထုတ်ဖော်ပြောကြားထားသည်။

မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို အားပေးတိုက်တွန်းရန်အတွက် ဥရောပသမဂ္ဂအတွင်း ဆွေးနွေးမှုများဆောင်ရွက်နေကြောင်း အဖွဲ့ဝင်နိုင်ငံအချို့က ပြောကြားထားပြီး အဖွဲ့ဝင်နိုင်ငံများကြားတွင်လည်း အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းရေးနှင့်ပတ်သက်၍ အမြင်များကွဲပြားနေကြောင်း သိရသည်။

ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံကိုကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးအရေးယူပိတ်ဆို့မှုများကို ပြီးခဲ့သည့်နှစ်က တစ်နှစ်သက်တမ်းတိုးခဲ့သော်လည်း မကြာသေးမီက ခရီးသွားလာမှုနှင့် ဘဏ္ဍာရေးထိန်းချုပ်ထားမှုများကို ဖယ်ရှားပေးခဲ့သည်။ ထို့ပြင် ဥရောပသမဂ္ဂကပံ့ပိုးထားသည့် အကူအညီပေးရေးအစီအစဉ်များကို စီမံခန့်ခွဲရန်နှင့် နိုင်ငံရေးအခန်းကဏ္ဍကို ဆောင်ရွက်ရန်အတွက် ရန်ကုန်မြို့တွင် ကိုယ်စားလှယ်ရုံးခွဲ မကြာမီ ဖွင့်လှစ်ရန်ရှိသည်။

Tags: Politics
Source: The article first appeared on www.news-eleven.com
Submitted by:
nandar_i
1 fans
Suggestions:
Teashoptalk on mobile
Latest updates are at your finger tips
Read from any device at teashoptalk.com
Online users
323 online
About TeashopTalk Advertise Contact Us Blog Help & FAQ Terms of Service